ဒါလေးလဲ post အဟောင်းလေးပါ။ မုန်လာဥပိုးတီချိုချဉ်လေးကို ဟိုးငယ်ငယ်ထဲကသိပ်ကြိုက်တာ။ လုပ်ရတာအလုပ်ရှုပ်လို့ အိမ်မှာ ခဏခဏလုပ်မစားကြဘူး။ စားချင်လွန်းလို့ ငယ်ငယ်က တော်တော်ကြိုးစားသင်ယူရတယ်။ ဆောင်းတွင်း မုန်လာဥလေးတွေပေါတုန်း လုပ်စားကြရအောင်နော်။
မုန်လာဥများကို အရွက်များခြွေ အခွံသင်ထားပါ။ မုန်လာဥများကို မျက်နှာပြင် ၂ ဘက်လုံးခပ်စောင်းစောင်း ပိုးတီလှီးထားပြီး ဆားထည့်မုန်လာဥအသားများထဲထိဝင်အောင်ဖိနယ်ပေးပြီး ၁၅ မိနစ်ခန့် တားပါတယ်။ ၁၅ မိနစ်ခန့်ရှိလျှင် ရေဆေးပြီး ရေစင်အောင်ညှစ်ထားပါတယ်။ ရေညှစ်ထားသောမုန်လာဥထဲသို့ ရှာလကာရည် သကြားထည့် စိမ်ပြီး ၁နာရီခန့်ထားပါ။ မုန်လာဥများကိုလှည့်လှည့်ပေးပါ။
မုန်လာဥစိမ်ထားချိန်တွင် ကြက်သွန်နီပါးပါးလှီးကာ ကြက်သွန်ကြော်ကြော်ထားပါ။
မုန်လာဥများကို ဆယ်ပြီးရေစင်အောင်ညှစ်ပါ။ ကြက်သွန်ကြော် နှမ်းဖြူး ဆီချက်ဆီလေးဆမ်းပြီးတည်ခင်းပါ။ ချိုချဉ်မုန်လာဥပိုးတီလေး ရပါပြီ။ ထမင်းမြိန်စေမှာအသေအချာမို့ မိတ်ဆွေများအားလုံး နှစ်သက်ကြပါစေနော်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု
- မုန်လာဥ ၅လုံး
- ကြက်သွန်နီ ၃ဥ
- သကြားစားပွဲတင်ဇွန်း ၂ဇွန်း
- ဆား စားပွဲတင်ဇွန်း ၁ဇွန်း
- ရှာလကာရည် စားပွဲတင်ဇွန်း ၅ဇွန်း
- နှမ်း စားပွဲတင်ဇွန်း ၂ဇွန်း