ပဲဇောင်းခါးသီးသုတ် တခါကတော့တင်ပြီးသားပါ။ ဗမာသုတ်လေးသုတ်ထားတာပါ။ ဒီတခါတော့ ယိုးဒယားဆိုင်မှာစားဖူးတဲ့အသုတ်ပုံစံလေးသုတ်ထားပါတယ်။ ပဲဇောင်းခါးသီးကို အစိမ်းထည့်သုတ်တော့ ပဲစိမ်းနံ့မခံနိုင်သူတွေအတွက်တော့ အနည်းငယ်စိတ်ပျက်မယ်ထင်ပါတယ်။ အရသာကတော့ အုန်းနို့နဲ့မို့ ခပ်စိမ့်စိမ့်စပ်စပ်လေး စားလို့တော်တော်ကောင်းပါတယ်။ အရင်ကတင်ဖူးတဲ့အသုတ်လေးကို ဒီနေရာမှာကြည့်လို့ရပါတယ်နော်။
ပဲဇောင်းခါးသီးများကိုရေစင်စင်ဆေး ခပ်စောင်းစောင်းပါးပါးလှီးထားပါ။
သံပုရာရည် ကင်းမွန်ငံပြာရည် tomato sauce သကြားများကို ရောမွှေထားပါ။ ဝက်သားပြုတ်များကို အတုံးသေးလေးများလှီးပါ။ မြေပဲဆန်ကိုမညက်တညက်ထောင်း ကြက်သွန်မြိတ်များကိုပါးပါးလှီးပါ။ အုန်းဆံများကို လှော်ထားပါ။ ငရုတ်တောင့်ကို ပါးပါးလှီးပါ။
အားလုံးပြင်ပြီးလျှင် အုန်းနို့များဆမ်း နယ်ပေးပါ။
အုန်းနို့အုန်းဆံလှော်နံ့လေးသင်းတဲ့ အရသာကွဲပြားတဲ့ အသုတ်လေးရပါပြီနော်။ သမီးလဲကျောင်းပိတ်နေတော့ မီးဖိုထဲကူခိုင်းရင်း အသုတ်လေးကို cup cake ခွက်လေးတွေထဲထည့်ပေးလိုက်တာ သူချက်တဲ့ဟင်း အရမ်းလှတယ်ဆိုပြီး ကျေနပ်သွားပါတယ်။ စိတ်ပါအောင် ဆွဲဆောင်ရတာနော်။း)
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှုင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု
- ပဲဇောင်းခါးသီး ၁၀ကျပ်သားခန့်
- အုန်းသီး အပြားလေးများခြစ်ထား စားပွဲတင်ဇွန်း ၃ဇွန်း
- ဝက်သား ၅ကျပ်သားခန်ု့ပြုတ်ထား
- မြေပဲဆန်လှော် စားပွဲတင်ဇွန်း ၅ဇွန်း
- ငရုတ်သီး ၃တောင့်
- ကြက်သွန်မြိတ် ၂ပင်
- အုန်းနို့ စားပွဲတင်ဇွန်း ၅ဇွန်း
- သံပုရာရည်စားပွဲတင်ဇွန်း ၃ဇွန်း
- ကင်းမွန်ကငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
- သကြားစားပွဲတင်ဇွန်းတဝက်
- tomato sauce စားပွဲတင်ဇွန်း ၁ဇွန်း