မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ မိုးရာသီရောက်နေပေမဲ့ ရာသီဥတုကပူလွန်းပြီး သမီးကဖျား လူပင်ပန်း စိတ်ပင်ပန်းနဲ့ ထမင်းစားချင်စိတ်မရှိတာနဲ့ ပြည်ပလာတာလေး ချက်စားဖြစ်ပါတယ်။ မဆလာနံ့မွှေးမွှေးလေးနဲ့မို့ အားလုံးပဲနှစ်သက်ကြမယ်ထင်ပါတယ်နော်။
ကုလားပဲ ၁၀သားကို နူးနေအောင်ပြုတ်ထားပြီး ဇကာတိုက်ထားပါ။
ကြက်သွန်နီ ၃ဥ အာလူး ၅လုံးခန့် အခွံနွှာကာ အတုံးလေးများတုံးပါ။
ဗမာကြက် အကောင်သေး ၁ကောင်ကို အနေတော်အတုံးများတုံး ရေစင်စင်ဆေးပြီး ဆားစားပွဲတင်ဇွန်းတ၀က် ငံပြာရည်စားပွဲတင်ဇွန်း ၂ဇွန်း ဟင်းခတ်မှုန့်အနည်းငယ်ထည့် နယ်ပါ။ ကြက်သွန်နီ ၁ဥ ဂျင်းလက်တစ်ဆစ်ညက်အောင်ထောင်းပြီး ဆီဟင်းခတ်ဇွန်း ၁ဇွန်းတွင် မွှေးပြီးရဲလာအောင်ကြော်ပါ။ သစ်ဂျပိုးခေါက် ၁ခု သစ်ဂျပိုးရွက် ၅ရွက်ခန့်ထည့်ကာ မွှေးနေအောင်ဆီသတ်ပါ။ အရောင်တင်မှုန့် စားပွဲတင်ဇွန်းတ၀က် မဆလာစားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ငရုတ်သီးအစိမ်းနံ့ပျောက်လျှင် နယ်ထားသောကြက်သားများထည့်လုံးပါ။ ကြက်သားအရောင်ပြောင်းလာလျှင် တုံးထားသော ကြက်သွန် အာလူးများထည့်ပါ။
ကြက်သားအရောကို ကုလားပဲပြုတ်ချေထားသောအိုးထဲထည့်ရောပါ။ ရေမြုပ်အောင်ထည့် ပွက်ပွက်ဆူအောင်တည်ပါ။ အချိုလေးစေရန် သကြားစားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ဆားထည့်ပြီး အပေါ့အငန်မြည်းပါ။
အရသာအနေတော်ဖြစ်ပြီး ကြက်သားအာလူးများအိပြီဆိုလျှင် မီးဖိုပေါ်မှချပါ။ ပလာတာ ၁ချပ်ညှပ်ထည့် ဟင်းရည်ဆမ်း ကြက်သွန်နီပါးပါးလှီး ငရုတ်သီးစိမ်းထည့် သံပုရာရည်လေးညှစ်ထည့်ပြီးလျှင် စားလို့ကောင်းတဲ့ ပြည် ပလာတာလေး ရပါပြီနော်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု