ကဆစ်သီးငပိချက်လေးပါ။ ခုတလော ဟင်းမချက်ဖြစ်တာတော်တော်လေးကြာသွားတယ်။ ဒီနေ့မှ ကဆစ်သီးငပိချက်လေး ချက်စားဖြစ်လို့ post အဟောင်းလေးကို ပြန်လည် မွမ်းမံလိုက်ပါတယ်နော်။
ဒါလေးတွေကတော့ ကဆစ်သီးလေးတွေပါ။ ကင်းပုံသီးနဲ့ဆင်တူပြီး ဖရဲသီးအသေးစားလေးတွေလိုပါပဲ။ အတွင်းပိုင်းကတော့ ကင်းပုံသီးအတိုင်းပါပဲ။ အရသာနည်းနည်းသက်တာရယ် ချိုတာရယ် ၂ခုရှိတယ်လို့ဆိုပေမဲ့ အိမ်မှာချက်တိုင်း အချိုသီးလေးတွေပဲ ပါလာပါတယ်။ ချိုတာနဲ့ သက်တာကို အပေါ်ကအကွက်လေးတွေကြည့်ခွဲလို့ရတယ်လို့ ကျူတီကပြောပြပေးထားပါတယ်။း)
လိုအပ်တဲ့ပစ္စည်းများကတော့ ကဆစ်သီး ၁၀လုံး ပုဇွန်ခြောက် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း စိမ်းစားငပိစားပွဲတင်ဇွန်း ၁ဇွန်းခန့် ပင်စိမ်းရွက်တို့ဖြစ်ပါတယ်။
ကဆစ်သီးများကို ၄ စိတ်စိတ်ပြီး အစေ့များဖယ်ထုတ်လိုက်ပါတယ်။ အသက်သီးဆိုရင်တော့ ဆား စားပွဲတင် ၁ ဇွန်းနဲ့နယ်ပြီး ၁၅ မိနစ်လောက်ထား ရေစင်စင်ဆေးလိုက်ပါ။ အချိုသီးဆိုလျှင်တော့ အစေ့ထုတ် ရေဆေးပါ။
ဆီဟင်းခတ်ဇွန်း၁ဇွန်းပူလာလျှင် ကြက်သွန်နီ ၁ဥလှီး ကြက်သွန်ဖြူ ၂မွှာထောင်းပြီး အရောင်တင်မှုန့် စားပွဲတင်ဇွန်းတ၀က်ထည့် ဆီသတ်ပါ။ ငရုတ်သီးနံ့ပျောက်လျှင် စိမ်းစားငပိထည့် မွှေးနေအောင်ကြော်ပါ။ ပုဇွန်ခြောက် စားပွဲတင်ဇွန်း ၃ဇွန်းခန့်ထည့်ကြော်ပါ။ ကဆစ်သီးများထည့်လုံးပြီး အရည်ခန်းလျှင် ရေဟင်းခတ်ဇွန်း ၂ဇွန်းထည့်ပါ။ ငရုတ်သီးစိမ်းညှပ်ထည့်ပါ။ အပေါ့အငန်မြည်း အရသာအနေတော်ဆိုလျှင် ပင်စိမ်းရွက်များရေဆေး ခတ်ထည့်ပါ။
ဆီပြန်လာပြီဆိုလျှင်တော့ အနံ့အရသာကောင်းလှတဲ့ ကဆစ်သီးငပိချက်လေးရပါပြီ။
ပင်စိမ်းမကြိုက်သူများအတွက် နံနံပင်နှင့်အစားထိုးသုံးလဲ အဆင်ပြေပါလိမ့်မယ်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု