မင်္ဂလာပါရှင်။ အညာဘုရားပွဲတွေမှာကျွေးလေ့ရှိတဲ့ ကန်စွန်းဥယိုလေး လုပ်ထားပါတယ်။ ကန်စွန်းဥကို ငချိတ်ဥလေးသုံးထားပါတယ်။ အရောင်မဲပြီး အမြင်မလှပေမဲ့ အရသာကတော့ အချိုလေးလို့ ပိုပြီးစားကောင်းပါတယ်။ ကန်စွန်းဥယိုကို အုန်းသီးကြော်လေးဖြူး ရေနွေးကြမ်းလေးသောက်လို့ သုံးဆောင်ကြပါဦးနော်။
ကန်စွန်းဥကို ၁၅မိနစ်ခန့်ပြုတ် အခွံနွှာပြီး ခြေထားပါ။
ထန်းလျက်များကို ထုခြေထားပါ။
အုန်းသီးကို အခွံနွှာခြစ်ပြီး ဆီပူပူမှာရဲကြွပ်နေအောင်ကြော်ပါ။
ဆီကိုအပူပေးပြီး ထန်းလျက်များအားလုံး ပျော်ဝင်သွားအောင် ကျိုပါ။ ပျော်ဝင်သွားလျှင် ခြေထားသောကန်စွန်းဥများထည့်မွှေပါ။ ဆားထည့်ပါ။ ကန်စွန်းဥကို ဆီပြန်သည်ထိ အဆက်မပြတ်မွှေပါ။ ဆီပြန်ခါနီးလျှင် မြေပဲများထည့် ထောပတ်ထည့်ပြီး ဆီပြန်ခြောက်လာသည်ထိမွှေပါ။ ထို့နောက် ကျောက်ကျောဗန်းထဲထည့် အအေးခံပြီး အုန်းသီးကြော်များဖြူးပါ။
ကန်စွန်းဥယိုလေး ရေနွေးကြမ်းနှင့်မြည်းရန် အသင့်ဖြစ်ပါပြီရှင်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
ချစ်တဲ့
စု
- ကန်စွန်းဥ ၁ပိသာ
- ဆီ ၂၅ ကျပ်သား
- ထောပတ် ၅ကျပ်သား
- မုန့်လုပ်ထန်းလျက် ၂၅ ကျပ်သား
- ဆား စားပွဲတင်ဇွန်း ၁ဇွန်း
- အုန်းသီး ၁လုံး
- မြေပဲ ၁၅ ကျပ်သား