ခုတလော အရမ်းကြိုက်မိနေတဲ့ကြောင်လျှာသီးလေးပါ။ ကြောင်လျှာသီးကိုမီးဖုတ်ပြီး ငပိရည်နဲ့တို့စား ခြစ်ပြီးကြော်စား သုတ်စား အမျိုးမျိုး လုပ်စားနေမိတာ။ ဒီနေ့တော့ ငပိကြော်ထဲကြောင်လျှာသီးကိုကြေနေအောင်မွှေပြီး ကြောင်လျှာသီးငပိကြော်လေးကြော်စားပါတယ်။ ကျွန်မတော့ အခါးကြိုက်တာမို့ ငပိကြော် ခပ်သက်သက်လေးကို အရမ်းသဘောကျမိပါတယ်။
ပထမဆုံးကြောင်လျှာသီး ၁ပြားကို မျက်နှာပြင် ၂ဖက်လုံး အခွံများကို ဓားနှင့် စင်အောင်ခြစ် ပါးပါးလှီးထားပါ။ အခါးလျော့သွားစေရန် ဆားစားပွဲတင်ဇွန်းတ၀က်နှင့်နယ် ၁၀ မိနစ်ခန့်ထား ရေဆေးပြီး ရေစင်အောင်ညှစ်ထားပါ။ ကြက်သွန်နီ ၂ဥကို ဆီဟင်းခတ်ဇွန်း ၂ဇွန်းနှင့်ဆီသတ်ပါ။ ငရုတ်သီး အကြမ်းဖတ် စားပွဲတင်ဇွန်း ၃ဇွန်းထည့်ပါ။ ငရုတ်သီးနံ့ပျောက်လျှင် ငပိစိမ်းစား စားပွဲတင်ဇွန်း ၁ဇွန်းထည့် ငပိကြေအောင်မွှေပါ။ ငပိကျေလျှင် ကြက်သွန်ဖြူဥတလုံး ၇မွှာခန့် မညက်တညက်ထောင်းထည့်ပါ။ ပုဇွန်ခြောက် လက်ဖက်ရည်ပန်းကန်၁လုံးခန့်ထည့်ပါ။ အနံ့မွှေးကြိုင်လာလျှင် ကြောင်လျှာသီးများထည့်ပါ။ ကြောင်လျှာသီးများကြေပြီးခြောက်သွားအောင် မီးအေးအေးနှင့် စိတ်ရှည်လက်ရှည် မွှေကြော်ပါ။ အရသာတမျိုးဆန်းတဲ့ ကြောင်လျှာသီးငပိကြော်လေးရပါပြီနော်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု