Quantcast
Channel: စိတ်စေရာ
Viewing all 42 articles
Browse latest View live

ထနောင်းရွက်နုသုတ်

$
0
0
ထနောင်းရွက်နုလေးတွေကို သံပုရာသီးလေးနဲနဲညှစ် မြေပဲဆံများများလေးနဲ့ သုတ်ထားပါတယ်။ ထနောင်းရွက်ကို ဟိုအရင်ကမစားဖူးဘူး။ မန္တလေးမှာနေမှစားဖူးတာ။ ထနောင်းရွက်အရသာက အဆိမ့်လေးပါ။ တို့စရာအဖြစ်လဲ စားကြပါတယ်။ မြေပဲလေးထောင်းထည့် ကြက်သွန်ကြော် သံပုရာသီးလေးညှစ် ကြိုက်သွားမှာ သေချာပါတယ်နော်။

ဒါလေးတွေကတော့ ထနောင်းရွက်နုလေးတွေပါ။ ဈေးမှာရောင်းတာ တပွက်ဆူလောက်ပြုတ်ပြီးသားပါ။

ထနောင်းရွက်လေးတွေကို ရေပွက်ပွက်ဆူမှာ ၃မိနစ်ခန့်ထပ်ပြုတ်ပါ။ အနေတော်အရွယ် ကတ်ကြေးနှင့်ဖြတ်ပါ။ ကြက်သွန်ဖြူနီဆီချက် မြေပဲဆံလှော်မညက်တညက်ထောင်း သံပုရာသီးလေးညှစ် နယ်ပါ။

မြေပဲဆံများများနဲ့ ထနောင်းရွက်နုသုတ်လေးရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

ကျွဲကောသီးသုတ်

$
0
0
ကျွဲကောသီးပေါချိန်မို့ ပုဇွန်လှော်လေးနဲ့ ကျွဲကောသီးသုတ်စားပါတယ်။ အားလုံးလဲနှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော်။

  • ကျွဲကောသီး ၁လုံး
  • ကြက်သွန်နီ ဥသေး ၂ဥ
  • ကြက်သွန်ဖြူ ၃မွှာ
  • ငရုတ်ခြောက်တောင့် ၃တောင့်
  • သကြား စားပွဲတင်ဇွန်း ၂ဇွန်း
  • ကင်းမွန်ငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးစိမ်း ၂တောင့်
  • ပုဇွန် ၅ကောင်
  • သံပုရာသီး ၁လုံး
  • ရှောက်ရွက် နံနံပင် အနည်းငယ်
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ပုဇွန်ခြောက်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်း

သုတ်ရတာတော့ လွယ်ကူပါတယ်။  ပုဇွန်များကို အခွံခွာ မွှေးနေအောင်လှော်ပြီးအတုံးလေးများတုံးထားပါ။ ကျွဲကောသီး ၁လုံးကို အမွှာလေးများနွှာထားပါ။ ကျွဲကောသီးပန်းရောင်ဆို ပိုစားလို့ကောင်းသလိုပဲ။ ဒီနေ့တော့ အဖြူရောင်လေးနဲ့ပဲ သုတ်လိုက်ရပါတယ်။ နံနံပင် ရှောက်ရွက် ပါးပါးလှီး ပုဇွန်ခြောက်မှုန့်ထည့်ပါ။ ငရုတ်သီးစိမ်း ပါးပါးလှီးပါ။

Dressing အတွက် ငရုတ်ခြောက် ၃တောင့် ကြက်သွန်နီ ကြက်သွန်ဖြူကို လှော်ပြီး ညက်နေအောင်ထောင်းပါ။ သံပုရာသီးကို အရည်ညှစ် ကင်းမွန်ငံပြာရည် သကြားများရောကာ ငရုတ်ခြောက် ကြက်သွန်ဖြူနီထောင်းရောထည့်ပြီး ပွက်ပွက်ဆူအောင် မီးဖိုပေါ်တင်ပါ။ ထို့နောက် အအေးခံကာ ကျွဲကောသီးအရောထဲ ရောထည့်ကာ ငရုတ်သီးမှုန့်ထည့် ခပ်ဖွဖွနယ်ပေးပါ။

ချိုချဉ်စပ် အသုတ်လေးရပါပြီ။ အားလုံးပဲ နှစ်သက်မယ်လို့ ယုံကြည်ပါတယ်နော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

ပိန္နဲသီးဆူးပုတ်ချက်

$
0
0
ဒါလေးကတော့ blog စစရေးချင်းတုန်းက တင်ဖူးတဲ့ဟင်းလေးပါ။ ခုလဲပိန္နဲသီး နုနုလေးတွေတွေ့လို့ blog လေးတောင် ၁ နှစ်ပြည့်တော့မယ် တွေးမိတာနဲ့ အမှတ်တရပြန်ချက်ပါတယ်။ အရင် post မှာတော့ ပိန္နဲသီးကို မဆလာနဲ့ ဆီပြန်လေးချက်ပါတယ်။ ပိန္နဲသီးကွင်းလေးတွေဝယ်ရင်းနဲ့ ဈေးသည်က ဆူးပုတ်ရွက်ခတ်ပြီးစားရင် တအားကောင်းတယ် အကြံပေးလို့ ဆူးပုတ်ရွက်လေးတွေပါဝယ် ခတ်ကြည့်လိုက်တော့ အရသာတအားရှယ်လွန်းလို့ အရမ်းနှစ်သက်မိပါတယ်။

  • ပိန္နဲသီးနုနု ၅ကွင်းခန့် 
  • ခရမ်းချဉ်သီး ၁လုံး
  • ကြက်သွန်နီ ဥကြီး ၁ဥ
  • ကြက်သွန်ဖြူ ၅မွှာ
  • ငရုတ်ပွ ၃တောင့်
  • ဆူးပုတ်ရွက် ၃စည်း
  • မဆလာ စားပွဲတင်ဇွန်း တ၀က်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆီဟင်းခတ်ဇွန်း ၂ဇွန်း
  • ဟင်းခတ်မှုန့်အနည်းငယ်

ပိန္နဲသီးကွင်းများကို အလယ်အူတိုင်များထုတ် အတုံးလေးများလှီးပါ။ ၀ယ်လာတဲ့ အကွင်းလေးတွေက တအားနုနေလို့ အလယ်အူတိုင်တွေမထုတ်ပဲ တုံးထားပါတယ်။ ဆီပူပူမှာ ကြက်သွန်နီ ဖြူ ရဲနေအောင်ကြော်ပြီး ငရုတ်ပွထောင်းထည့် ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့် ကြေအောင်ချက်ပါ။ ခရမ်းချဉ်သီးကြေလျှင် ပိန္နဲသီးတုံးများထည့်လုံးပါ။ ငံပြာရည် ဟင်းခတ်မှုန့်ထည့် ရေမြုပ်အောင်ထည့်ကာ နူးအောင်တည်ပါ။

ပိန္နဲသီးများနူးလျှင် မဆလာထည့် ဆူးပုတ်ရွက်များအုပ် ၂မိနစ်ခန့်တည်ပါ။

ဆူးပုတ် မဆလာနံ့မွှေးတဲ့ ပိန္နဲသီးဟင်းလေးရပါပြီရှင်။ အရသာက ကြက်သားဟင်းလိုလို တော်တော်လေးကောင်းပြီး အရသာရှိပါတယ်။ အရမ်းကိုစားကောင်းတဲ့ဟင်းလေးမို့ ပိန္နဲသီးနုနုလေးတွေပေါ်ချိန်မှာ ချက်စားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

ပုဇွန်မန်ကျည်းသီးစိမ်းချက်

$
0
0
ဒီတခါတော့ ပုဇွန်ကိုအပြောင်းအလဲလေးအနေနဲ့ မန်ကျည်းသီးစိမ်းထောင်းလေးအုပ် ချက်ထားပါတယ်ရှင်။ အအီပြေ ချဉ်ချဉ်လေးမို့ နှစ်သက်ကြမှာပါနော်။

ပုဇွန် ၅၀ သားကို အခွံခွာ ကျောနက်နက်ခွဲ အမဲကြောင်းဖယ် ရေဆေးပါ။ ဆားစားပွဲတင်ဇွန်းတ၀က် ငံပြာရည်စားပွဲတင်ဇွန်း ၁ဇွန်း ဟင်းခတ်မှုန့်အနည်းငယ် ဆနွင်းမှုန့် လက်ဖက်ဇွန်း ၄ပုံ၁ပုံခန့်ထည့် နယ်ပြီး မိနစ် ၂၀ခန့်ထားပါ။

မန်ကျည်းသီးစိမ်းလေးများကို ရေစင်စင်ဆေး အရောင်မမဲစေရန် ဆားလေးအနည်းငယ်ထည့် ထောင်းထားပါ။

  • ကြက်သွန်နီ ၂လုံး
  • ကြက်သွန်ဖြူ ဥတလုံး ၅မွှာ
  • အရောင်တင်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆီဟင်းခတ်ဇွန်း ၂ဇွန်း
  • နံနံပင် အနည်းငယ်

ထုံးစံအတိုင်း ပုဇွန်ချက်သလိုပါပဲ ဆီပူလာလျှင် ကြက်သွန်နီရဲနေအောင်ကြော်ပါ။ အရောင်တင်မှုန့်ထည့် ငရုတ်သီးနံ့ပျောက်အောင်ထိကြော်ပါ။ နယ်ထားသောပုဇွန်များထည့် ကွေးသွားအောင်လှန်ပေးပါ။ ကွေးသွားလျှင် ကြက်သွန်ဖြူမညက်တညက်ထောင်းထည့် ၃ မိနစ်ခန့်ချက်ပါ။ ထောင်းထားသောမန်ကျည်းသီးစိမ်းများထည့်မွှေပါ။ ရေကို ဟင်းခတ်ဇွန်း ၂ဇွန်းခန့်ထည့်မွှေပြီး ဆီပြန်အောင်ချက်ပါ။ အရသာအပေါ့အငန်မြည်း အနေတော်ဆို မီးဖိုပေါ်မှချပါ။

ပန်းကန်ထဲထည့် နံနံပင်လေးအနည်းငယ်အုပ်ပါ။ အအီပြေ ချဉ်ဖြုန်းဖြုန်းအရသာလေးနဲ့ အပြောင်းအလဲပုဇွန်ဟင်းလေးရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

မရမ်းသီးထောင်း

$
0
0
မရမ်းသီးထောင်းလေး လာပြန်ပါပြီနော်။ ဒီတခါတော့ ယောင်းမကြီးထောင်းတဲ့နည်းလေးနဲ့ ထောင်းထားပါတယ်နော်။ ငပိကိုဆီသတ်ထည့်ထားလို့ ပိုမွှေးပြီး အရသာအပြောင်းအလဲလေးဖြစ်တာပေါ့နော်။

  • မရမ်းသီး ၁၀ သား
  • ငရုတ်သီးစိမ်း ၁၀ တောင့်
  • နံနံပင် ၁စီး
  • ငပိစိမ်းစား စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ ဥတလုံး ၁၀ဥ
  • ပုဇွန်ခြောက် စားပွဲတင်ဇွန်း ၃ဇွန်း
  • ဟင်းခတ်မှုန့်အနည်းငယ်

မရမ်းသီး ငရုတ်သီးစိမ်း နံနံပင်များကိုရောကြိတ်ထားပါ။ မရမ်းသီးအရောထဲကိုပုဇွန်ခြောက်ထည့်ပါ။

ဆီပူလာလျှင် မီးပိတ်ပြီး ကြက်သွန်ဖြူထည့် မိနစ်ဝက်ခန့်မွှေပါ။ ငပိစိမ်းစားထည့် အနံ့မွှေးပျံ့လာအောင်ကြော်ပါ။ ဟင်းခတ်မှုန့်အနည်းငယ်ထည့်ပါ။

ငပိစိမ်းစားကြော်ကို မရမ်းသီးအရောထဲထည့်မွှေပါ။

အနံ့အရသာတမျိုးထူးခြားတဲ့ မရမ်းသီးထောင်းလေး ရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

မုန့်ဦးနှောက်

$
0
0
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ ဟင်းမချက်ဖြစ်တာလဲ တော်တော်လေးကြာသွားတယ်။ ရာသီဥတုအရမ်းပူလာတာနဲ့ နားနေတာ အနားလွန်သွားပါတယ်ရှင်။ ဒီနေ့တော့ စားချင်လွန်းတာနဲ့ မုန့်ဦးနှောက်ကို အလွယ်နည်းလေးနဲ့လုပ်စားဖြစ်ရင်း ဓာတ်ပုံလေးရိုက် ခပ်မြန်မြန်နည်းလေး ဝေမျှလိုက်ပါတယ်နော်။

  • ဆန်မှုန့် နို့ဆီဘူး ၁ဘူး
  • သကြား စားပွဲတင်ဇွန်း ၃ဇွန်း
  • ဆား စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ နို့ဆီဘူး ၁ဘူး
  • အုန်းနို့ ၄၀၀ ml
  • သာကူစေ့ ၅ကျပ်သားခန့်

အုန်းနို့ဟင်းခတ်ဇွန်း ၁ဇွန်းစာချန်ထားပြီး ကျန်သောအုန်းနို့များအားလုံးကို ဆားအနည်းငယ်ထည့် မီးအေးအေးနှင့် အုန်းနို့များဆီပြန်လာသည်ထိ ချက်ထားပါ။

ဆန်မှုန့်ကို ဆားနှင့်ရောပြီး ရေအနည်းငယ်စီထည့်နယ်ပါ။ ရေကို အနည်းငယ်စီထည့်ခြင်းဖြင့် ဆန်မှုန့်များခဲမသွားစေရန် ဖြစ်ပါတယ်။ သကြား အုန်းနို့ဟင်းခတ်ဇွန်း ၁ဇွန်းထည့်ထည့်နယ်ပါ။ အုန်းနို့အနည်းငယ်ထည့်ခြင်းဖြင့် မုန့်သားအနံ့ပိုမွှေးပါတယ်။ မုန့်နှစ်ကိုယောင်းမပေါ်တွင်တင်ရုံ ခပ်ကျဲကျဲရသည်ထိ ရေကိုထည့်ပါ။

ရေပွက်ပွက်ဆူထဲသို့ သာကူစေ့များထည့် ၁၀ မိနစ်ခန့်ထားကာ ရေစစ်ထားပါ။

အိုးကို မီးဖိုပေါ်တင်ပြီး မီးအေးအေးနှင့် အဆက်မပြတ်မွှေပါ။ ၄၅ မိနစ်ခန့် အဆက်မပြတ်မွှေပြီး မုန့်ရည်များညောင်စေးကျလာလျှင် ရေစစ်ထားသောသာကူစေ့များထည့်မွှေပါ။

သာကူအဖြူစေ့များပျောက်လျှင် မီးဖိုပေါ်မှချကာ ဆီသုတ်ထားသောဗန်းတွင်ထည့်ပြီး အအေးခံပါ။

အေးပြီးခဲသွားလျှင် ဓားနှင့်လှီး အုန်းဆီ သကြားဖြူးပြီး စားသုံးဖို့ အဆင်သင့်ဖြစ်ပါပြီရှင်။

ဒါကတော့ ရန်ကုန်မှာ ရောင်းတဲ့မုန်းဦးနှောက်မျိုးကို အလွယ်လုပ်ထားတာပါ။ ငှက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းရင် ငှက်ပျောဖက်နံ့နဲ့ပိုမွှေးပြီး ပိုပြီးစားလို့ကောင်းပါတယ်။ ဖက်ရှာရခက်လို့ အလွယ်ကျိုလိုက်တာပါ။ ဖက်နဲ့ပေါင်းမယ်ဆိုရင်တော့ ဆန်မှုန့် အုန်းနို့ သကြား ဆား ရေနှင့်ရောနယ်ပြီး ရေနွေးစိမ်ထားတဲ့ သာကူစေ့ထည့်နယ်ပါ။ ငှက်ပျောဖက်ထဲဆီသုတ် မုန့်သားထည့်ထုပ်ပြီး မိနစ် ၂၀ခန့်ပေါင်းပေးပါ။ မပေါင်းခင် ပေါင်းအိုးကို ရေနွေးဆူပွက်အောင်အရင်တည်ထားပါ။ မိနစ် ၂၀ခန့်ပေါင်းပြီးလျှင်တော့ ငှက်ပျောဖက်နံ့သင်းတဲ့ မုန့်ဦးနှောက်လေးရပါပြီ။

မန္တလေးမှာတော့ မုန့်ဦးနှောက်ကို အုန်းနို့သကြားမဆမ်းပဲ မြေပဲကြော် ကြက်သွန်ဖြူနီဆီချက် ဆီဝါလေးဆမ်းပြီး စားကြပါတယ်။

စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု





ရွှေရင်အေး

$
0
0
သင်္ကြန်တွင်းမို့ ရွှေရင်အေးလေး လုပ်စားဖြစ်ပါတယ်။ စိတ်စေရာကို လာလည်ကြတဲ့ မိတ်ဆွေများအားလုံးကို သင်္ကြန်တွင်း ရွှေရင်အေးစတုဒီသာကျွေးပါတယ်နော်။း))

မုန့်လက်ဆောင်းဖတ်ကို ဈေးကပြေးဝယ်လိုက်ပါတယ်။ စိမ်းစိမ်းလေးတွေဝယ်မရခဲ့လို့ စိတ်ထဲသိပ်တော့မကျေနပ်လိုက်ဘူး။

ကောက်ညှင်းဆန်ကို ထမင်းချက်သလိုပဲ ချက်ထားပါတယ်။

သာကူစေ့ကို ရေနွေးပွက်ပွက်ဆူမှာ အဖြူဆံပျောက်သည်ထိ ပြုတ်ထားပါတယ်။

ကျောက်ကျောမှုန့်အတထုပ်ကြီးတထုပ်ကို အုန်းနို့ ၁လုံးညှစ် သကြား ၂၅ ကျပ်သား ဆား စားပွဲတင်ဇွန်း ၁ဇွန်း ရေနို့ဆီဘူး၆ဘူးထည့် အမှုန့်များကျေအောင်မွှေ။ မီးဖိုပေါ်တင်ပြီး ၁၅ မိနစ်ခန့်ကျိုပြီး ကျောက်ကျောဗန်းထဲထည့် အအေးခံပါတယ်။

အုန်းနို့ ၂လုံးကိုညှစ် အမှိုက်များစစ်ကာ သကြား ဟင်းခတ်ဇွန်း ၃ဇွန်း ဆားအနည်းငယ်ထည့်မွှေထားပါ။

ပါဝင်ပစ္စည်းများအားလုံးထည့် အုန်းနို့အရည်လေးဆမ်း ရေခဲတုံးလေးများထည့်ပြီး ရွှေရင်အေးလေး သုံးဆောင်ကြပါနော်။

ချစ်မိတ်ဆွေများအားလုံး နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေရှင်။ မင်္ဂလာရှိသောနှစ်သစ်ဖြစ်ကြပါစေရှင်။
စု





ဝက်သားကြာစွယ်ပေါင်း

$
0
0
ဒီနေ့ကတော့ ၀က်သားကို ကြာစွယ်လေးနဲ့ ပေါင်းထားပါတယ်ရှင်။ ကြာစွယ်အရသာ နှမ်းဆီနံ့လေးနဲ့မို့ မွှေးဆိမ့်နေလို့ မိတ်ဆွေများ နှစ်သက်ကြမှာပါနော်။

လိုအပ်တဲ့ပစ္စည်းများကတော့
  • ၀က်သား ၁၅ကျပ်သား
  • ကြာစွယ် တချောင်း
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်းတ၀က်
  • ပဲငံပြာရည် အနောက် စားပွဲတင်ဇွန်းတ၀က်
  • ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတ၀က်
  • corn flour စားပွဲတင်ဇွန်း ၂ဇွန်း
ပထမဆုံး ကြာစွယ်ကို အခွံနွှာပြီး နုတ်နုတ်စင်းထားပါ။

ဝက်သားကို နုတ်နုတ်စင်း ပဲငံပြာရည် အကြည် အနောက် ဆား corn flour နှမ်းဆီများထည့်ပြီး စေးနေအောင်နယ်ပါ။

နုတ်နုတ်စင်းထားသော ကြာစွယ်များထည့်နယ်ပါ။

အနေတော်အလုံးလေးများလုံး ပန်းကန်ပြားပေါ်တွင်တင်ပြီး ပေါင်းအိုးရေပွက်ပွက်ဆူမှ မီးပြင်းပြင်းနှင့် ၁၅မိနစ်ခန့်ထည့်ပေါင်းပါ။ ချွေးမကျစေရန် အ၀တ်ခံပေါင်းပါ။


၁၅ မိနစ်ကျော်လျှင် နှမ်းဆီနံ့လေးသင်းတဲ့ ၀က်သားကြာစွယ်ပေါင်းလေး ရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။






ဝက်ခြေထောက်ချိုချဉ်မွှေး

$
0
0
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ ၀က်ခြေထောက်လေးကို ရှောက်ရွက်လေးအုပ် ချိုချဉ်မွှေးလေးချက်ပါတယ်။ အလုပ်သိပ်မရှုပ်ပဲ စားလို့အရသာရှိတာမို့ နှစ်သက်ကြမှာပါနော်။

ဝက်ခြေထောက် ၅၀သားကို သန့်စင် အနေတော်အတုံးလေးများတုံးပြီး ရေစင်အောင်ဆေးပါ။  ခရုဆီ စားပွဲတင်ဇွန်း ၂ဇွန်း ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ဇွန်း အနောက်စားပွဲတင်ဇွန်း ၁ဇွန်း ဆားစားပွဲတင်ဇွန်းတ၀က် သကြားစားပွဲတင်ဇွန်း ၂ဇွန်းနှင့် သေချာနယ်ပြီး မိနစ် ၂၀ခန့်ထားပါ။

နယ်ထားသောဝက်သားအိုးကို မီးဖိုပေါ်တင်ပြီး မီးအေးအေးနှင့် အရည်ခမ်းသည်ထိအဖုံးပိတ်လုံးပါ။ အရည်ခမ်းလာလျှင် ရေကိုအသားမြုပ်ရုံထည့် မီးပြင်းပြင်းနှင့် မိနစ် ၃၀ ခန့်ချက်ပါ။ ရေခမ်းလာလျှင် နည်းနည်းချင်းစီထပ်ဖြည့်ပါ။ မိနစ် ၂၀ခန့်ကြာလျှင် မန်ကျည်းနှစ် စားပွဲတင်ဇွန်း ၂ဇွန်းထည့်ပါ။ အသားနူးပြီးရေအသင့်အတင့်ကျန်လျှင် မီးဖိုပေါ်မှချပါ။ ငရုတ်ကောင်း ရှောက်ရွက်လေးများဖြူးပါ။ အရသာရှိလှတဲ့ ၀က်ခြေထောက် ချိုချဉ်မွှေးလေး ရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။


Strawberry ကျောက်ကျော

$
0
0
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ စတော်ဘယ်ရီသီးတွေ ပေါများနေတုန်းအချိန်မို့ ကျောက်ကျောလေးလုပ်ဖြစ်ပါတယ်။ လုပ်ရတာမြန်ဆန်လွယ်ကူလို့ အားလုံးပဲနှစ်သက်ကြမှာပါနော်။

စတော်ဘယ်ရီသီးများကို ရေစင်အောင်ဆေး လေးစိတ်စိတ်ထားပါ။

agar ကျောက်ကျောမှုန့် ၁ထုပ်ကို ရေ ၅ခွက် သကြား ၅ကျပ်သား ဆားစားပွဲတင်ဇွန်းတ၀က် အနီရောင်အရောင်ဆီ ၂စက်ရောမွှေပြီး ၁၀မိနစ်ခန့်ကျိုပါ။ ကျောက်ကျောဗန်းထဲထည့်ပြီး အပေါ်မှ လှီးထားသော စတော်ဘယ်ရီများထည့်ပါ။

ခဲသွားပြီဆိုလျှင်တော့ စတော်ဘယ်ရီကျောက်ကျော ချိုချဉ်လေးရပါပြီနော်။ အားလုံးပဲ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။




ဇောင်ချမ်းချဉ်ကြော်

$
0
0
မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါနော်။ ဒီတပတ်တော့ ရာသီစာလေးတွေ ချက်ကျွေးပါ့မယ်။ ဇောင်ချမ်းချဉ် အင်ဥ ရာသီစာလေးများချက်ထားပါတယ်။ ဒီနေ့မနက်ဈေးရောက်တော့ ပေါ်ဦးပေါ်ဖျားလေးတွေရလာလို့ ပျော်ပျော်ပါးပါး ချက်ထားပါတယ်။ နောက်ရက်တွေလဲ စိတ်စေရာကိုလာပြီး အားပေးကြပါဦးလို့ ကြော်ငြာဝင်ပါရစေနော်။း) ဒီနေ့အတွက်တော့ ဇောင်ချမ်းချဉ်ကြော်လေးကျွေးချင်ပါတယ်ရှင်။

ဇောင်ချမ်းချဉ် ၁၀သား
ကြက်သွန်နီ ၂ဥ
ကြက်သွန်ဖြူ ၃ဥ
ခရမ်းချဉ်သီး တခြမ်း
ပင်စိမ်း (သို့) နံနံပင်
ငရုတ်သီးစိမ်း ၅တောင့်
အရောင်တင်မှုန့် လက်ဖက်ဇွန်း ၁ဇွန်း

ပုဇွန်ချဉ်ကြော်သလိုပဲ ထုံးစံအတိုင်း ဆီဟင်းခတ်ဇွန်း၁ဇွန်းအပူပေးပြီး ကြက်သွန်နီ ဖြူ ထည့် အရောင်တင်မှုန့်ထည့်ကာ ငရုတ်သီးအစိမ်းနံ့ပျောက်အောင်ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့် နွမ်းအောင်ကြော်ပါ။ ဇောင်ချမ်းချဉ်များထည့်ဆီပြန်အောင်ကြော်ပြီး ငရုတ်သီးစိမ်းထည့် ပင်စိမ်း (သို့) နံနံပင်အုပ်ပါ။ ပင်စိမ်းအုပ်ရင် ပုဇွန်ချဉ်ကြော်အရသာမျိုးထွက်လို့ ပိုသဘောကျလို့ စုတော့ပင်စိမ်းအုပ်ထားပါတယ်။

ထမင်းမြိန်စေမဲ့ ရာသီစာ ဇောင်ချမ်းချဉ်ကြော်လေး ရပါပြီရှင်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု






အင်ဥကြော်

$
0
0
ပေါ်ဦးပေါ်ဖျား အင်ဥလေးတွေ ကြော်ထားပါတယ်နော်။ အရသာ စိမ့်စိမ့်လေးနဲ့ စားလို့အရမ်းကိုကောင်းပါတယ်။ ပေါ်စချိန် အင်ဥက အနုဆုံးမို့ ချက်ရတာလဲမြန် စားရတာလဲကောင်း။ အားပေးကြပါဦးနော်။

အင်ဥ ၅၀သားကို ရေအထပ်ထပ်စင်အောင်ဆေး ၄စိတ်စိတ်ထားပါ။ သဲတွေစင်အောင်ရေဆေးရတာတော့ အင်မတန်မှပင်ပန်းပါတယ်။း)

ကြက်သွန်နီ ၃ဥ
ကြက်သွန်ဖြူ ၅မွှာ
ခရမ်းချဉ်သီး ၁လုံး

ထုံးစံအတိုင်းဆီသတ်ကြော်ပါပဲ။ ဆီကိုတော့ ဟင်းခတ်ဇွန်း ၃ဇွန်းလောက်ထည့်လိုက်ပါတယ်။ အင်ဥကြော်ရင် ဆီပျောက်ပျောက်သွားလို့ ကျန်းမာရေးနဲ့ မညီညွတ်လဲ မသိချင်ယောင်ဆောင်ပြီး ဆီများများကြော် စားပလိုက်တာပဲ။ :D ကြက်သွန်နီ ခရမ်းချဉ်သီးကို အရောင်တင်မှုန့် လက်ဖက်ဇွန်း ၁ဇွန်း ဆနွင်းမှုန့် အနည်းငယ်ထည့်ဆီသတ်ပါ။ ခရမ်းချဉ်သီးနွမ်းလျှင် ကြက်သွန်ဖြူထည့် ၁မိနစ်ခန့်မွှေပါ။ အင်ဥများထည့် ၅မိနစ်ခန့်မွှေပါ။ ရေကို အင်ဥမြုပ်အောင်ထည့် မီးအနေတော်ထားပြီး အချိုအငန်ထည့်ကာ အင်ဥများနူးပြီး ဆီပြန်လာအောင်ကြော်ပါ။

အင်ဥများနူးပြီး အရသာအနေတော်ဆိုလျှင် အားလုံးနှစ်သက်မဲ့ အင်ဥကြော်လေးရပါပြီရှင်။ တချို့ကတော့ ပုဇွန်ခြောက်ထည့်ကြော်ကြပါတယ်။ ကျွန်မတော့ ပုဇွန်ခြောက်ထည့်လျှင် အင်ဥအရသာပေါ့တယ်ထင်လို့ ဒီတိုင်းလေးပဲကြော်စားပါတယ်။ ချစ်မိတ်ဆွေများအားလုံးပဲ နှစ်သက်ကြပါစေနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။











ငရုတ်ပွ ငါးဖယ်အစာသွတ်

$
0
0
ဒီဟင်းလေးကတော့ ဟိုးအရင် ဘလော့စတုန်းက ရေးဖူးပါတယ်။ မကြာမကြာချက်ဖြစ်တဲ့ ဟင်းလေးပါပဲ။ ကြက်သား ၀က်သားများနဲ့လဲ ချက်စားလို့ရပါတယ်။ ဒီတခေါက်တော့ ငါးဖယ်လေးနဲ့ ချက်ထားပါတယ်။ ငရုတ်ပွနံ့မွှေးမွှေး ငါးဖယ်လေးတထုတ်ထုတ်နဲ့ အရမ်းစားကောင်းလွန်းလို့ ချက်စားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

ငါးဖယ် ၁၀သားကို ဆားလက်ဖက်ဇွန်း ၁ဇွန်း ဂျင်းလက်တဆစ်ခန့်ထည့် မာနေအောင်ထောင်းပါ။ သီဟိုစေ့ ၅စေ့ခန့်ကို ပိုင်းဖြတ် ကြက်သွန်မြိတ် ၁ပင် နုတ်နုတ်စင်းပြီး ငါးဖယ်ထောင်းထဲရောနယ်ပါ။

ငရုတ်ပွ ၁လုံးကို ၆စိတ်စိတ်ပြီး အစေ့များထုတ် ရေဆေးထားပါ။ နယ်ထားသောငါးဖယ်များ အနေတော် အစာသွတ်ပြီး corn flour ဖြူးပါ။

ဆီများများထဲတွင် အစာသွတ်ထားသော ငါးဖယ်များဘက်မှောက်ကာ မီးအသင့်အတင့်နှင့် ၃မိနစ်ခန့်ကြော်ပြီး ဆယ်ထားပါ။

ပဲငံပြာရည်စားပွဲတင်ဇွန်း ၂ဇွန်း သကြားစားပွဲတင်ဇွန်း ၁ဇွန်း ငရုတ်တောင့် ၃တောင့်ပါးပါးညှပ် ရေဟင်းခတ်ဇွန်း ၁ဇွန်းရေမွှေထားပါ။

ကြော်ထားသောဆီကို စားပွဲတင်ဇွန်း ၁ဇွန်းစာချန်ပြီး ငရုတ်ပွများဘက်မှ စီထားပါ။ ရောမွှေထားသော ပဲငံပြာရည် အရောကို လောင်းချပြီး မီးအသင့်အတင့်နှင့် အရည်ပျစ်လာအောင်ချက်ပါ။

အရည်ပျစ်လာပြီဆို မီးပိတ်ကာ ငါးဖယ်ငရုတ်ပွများဆယ်ပြီး ပန်းကန်ထဲတွင်စီထည့်ပါ။ အနှစ်အရည်ကို အပေါ်မှဆမ်းလောင်းပါ။ ငရုတ်ပွငါးဖယ်အစာသွတ်လေး ရပါပြီနော်။

ချစ်မိတ်ဆွေမျာအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။







ကတက်ချဉ်သုတ်

$
0
0
ကတက်ချဉ်သုတ်လေးပါရှင်။ ဒီတခါ ကတက်ချဉ်သုတ်ကို မမမာပြောသလို ငါးပိရည်ကျိုလေးထည့်သုတ်ထားပါတယ်။ စုတော့ အငန်ကြိုက်သူမို့ စားရတာ အရမ်းပဲ ခံတွင်းတွေ့ပါတယ်။ ဟင်းချက်နည်းအသစ်တွေရတဲ့အတွက် မမမာကိုကျေးဇူးတင်ပါတယ်နော်။ အားပေးကြပါဦးရှင်။

ကတက်ချဉ်နုနုလေးတွေကို အနေတော်ဖြတ်ထားပါ။

ငပိရည်ဖျော်လေးပါ။

ကတက်ချဉ် ကြက်သွန်နီ ငရုတ်သီးစိမ်းပါးပါးလှီးထည့် ငပိရည်လေးဆမ်း ဟင်းခတ်မှုန့်အနည်းငယ်ထည့်နယ်ပါ။

ကတက်ချဉ်သုတ်ချဉ်ငန်လေး ရပါပြီနော်။ မိတ်ဆွေများ အားလုံး နှစ်သက်ကြပါစေနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။


ကဆစ်သီးငပိချက်

$
0
0
ကဆစ်သီးငပိချက်လေးပါ။ ခုတလော ဟင်းမချက်ဖြစ်တာတော်တော်လေးကြာသွားတယ်။ ဒီနေ့မှ ကဆစ်သီးငပိချက်လေး ချက်စားဖြစ်လို့ post အဟောင်းလေးကို ပြန်လည် မွမ်းမံလိုက်ပါတယ်နော်။

ဒါလေးတွေကတော့ ကဆစ်သီးလေးတွေပါ။ ကင်းပုံသီးနဲ့ဆင်တူပြီး ဖရဲသီးအသေးစားလေးတွေလိုပါပဲ။ အတွင်းပိုင်းကတော့ ကင်းပုံသီးအတိုင်းပါပဲ။ အရသာနည်းနည်းသက်တာရယ် ချိုတာရယ် ၂ခုရှိတယ်လို့ဆိုပေမဲ့ အိမ်မှာချက်တိုင်း အချိုသီးလေးတွေပဲ ပါလာပါတယ်။ ချိုတာနဲ့ သက်တာကို အပေါ်ကအကွက်လေးတွေကြည့်ခွဲလို့ရတယ်လို့ ကျူတီကပြောပြပေးထားပါတယ်။း)


လိုအပ်တဲ့ပစ္စည်းများကတော့ ကဆစ်သီး ၁၀လုံး ပုဇွန်ခြောက် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်း စိမ်းစားငပိစားပွဲတင်ဇွန်း ၁ဇွန်းခန့် ပင်စိမ်းရွက်တို့ဖြစ်ပါတယ်။

ကဆစ်သီးများကို ၄ စိတ်စိတ်ပြီး အစေ့များဖယ်ထုတ်လိုက်ပါတယ်။ အသက်သီးဆိုရင်တော့ ဆား စားပွဲတင် ၁ ဇွန်းနဲ့နယ်ပြီး ၁၅ မိနစ်လောက်ထား ရေစင်စင်ဆေးလိုက်ပါ။ အချိုသီးဆိုလျှင်တော့ အစေ့ထုတ် ရေဆေးပါ။

ဆီဟင်းခတ်ဇွန်း၁ဇွန်းပူလာလျှင် ကြက်သွန်နီ ၁ဥလှီး ကြက်သွန်ဖြူ ၂မွှာထောင်းပြီး အရောင်တင်မှုန့် စားပွဲတင်ဇွန်းတ၀က်ထည့် ဆီသတ်ပါ။ ငရုတ်သီးနံ့ပျောက်လျှင် စိမ်းစားငပိထည့် မွှေးနေအောင်ကြော်ပါ။ ပုဇွန်ခြောက် စားပွဲတင်ဇွန်း ၃ဇွန်းခန့်ထည့်ကြော်ပါ။ ကဆစ်သီးများထည့်လုံးပြီး အရည်ခန်းလျှင် ရေဟင်းခတ်ဇွန်း ၂ဇွန်းထည့်ပါ။ ငရုတ်သီးစိမ်းညှပ်ထည့်ပါ။ အပေါ့အငန်မြည်း အရသာအနေတော်ဆိုလျှင် ပင်စိမ်းရွက်များရေဆေး ခတ်ထည့်ပါ။

ဆီပြန်လာပြီဆိုလျှင်တော့ အနံ့အရသာကောင်းလှတဲ့ ကဆစ်သီးငပိချက်လေးရပါပြီ။
ပင်စိမ်းမကြိုက်သူများအတွက် နံနံပင်နှင့်အစားထိုးသုံးလဲ အဆင်ပြေပါလိမ့်မယ်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု

ဝက်သားပုန်းရည်ကြီးချက်

$
0
0




ပုန်းရည်ကြီးထုတ်လေးတွေ ရှိနေတာရော ဟင်းချက်ပျင်းလှတာရယ် ပေါင်းပြီး ၀က်သားပုန်းရည်ကြီး ချက်စားပါတယ်။ ရောချက်လုံးချက်မို့ အဆင်ပြေတယ်နော်။ ၀က်သားကို အဆီအခေါက်မပါ အသားကြီးပဲ ချက်ထားပါတယ်။ နှစ်သက်ကြမှာပါနော်။

ဝက်သား ၂၅ကျပ်သားကို ဆားစားပွဲတင်ဇွန်းတ၀က် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ဇွန်းနှင့် အသားထဲစိမ့်ဝင်အောင်နယ်ပြီး မိနစ် ၂၀ခန့်ထားပါ။ ပုန်းရည်ကြီး အထုတ်သေး ၂ထုတ် ကြက်သွန်နီ ၂ဥပါးပါးလှီး ငရုတ်ပွ ၂တောင့်ရေစိမ်ပြီးထောင်း ဂျင်းလက်တဆစ်ခန့်ထောင်းထည့် ဆီဟင်းခတ်ဇွန်း ၁ဇွန်းရောထည့်ပါ။

အရည်များခန်းအောင်ထိလုံးပါ။ ရေကို ၀က်သားမြုပ်ရုံထည့် မီးအသင့်အတင့်နှင့် ချက်ပါ။ ရေခန်းခါနီးလျှင် အသားနူးမနူးမြည်းပါ။ အသားမနူးသေးလျှင် ရေအနည်းငယ်ချင်းထည့် ချက်ပါ။ ပုန်းရည်ကြီးအိုးကပ်မသွားစေရန် မွှေပေးပါ။

ဆီပြန်ပြီဆိုလျှင် ၀က်သားပုန်းရည်ကြီးချက်လေး ရပါပြီနော်။ မိတ်ဆွေများအားလုံးပဲ နှစ်သက်နိုင်ကြပါစေ။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု

မန်ကျည်းရွက်ငပိထောင်း

$
0
0
မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေရှင်။ မန်ကျည်းရွက် ငပိထောင်းလေးပါ။ ဘာမှတော့မထူးခြားပါဘူး။ ရိုးရိုးငပိထောင်းထဲ မန်ကျည်းရွက်လေးထည့်ထောင်းလိုက်တာပါ။ သံပုရာသီးညှစ်ထားတာနဲ့မတူပဲ အရသာအနည်းငယ်ခြားနားတဲ့ ငပိထောင်းလေးမို့ ပြန်လည်ဝေမျှလိုက်ပါတယ်နော်။

မန်ကျည်းရွက်များကို ရေဆေး အရွက်ခြွေ ပန်းကန်ထဲဖြန့်ထားပြီး နေရိပ်ထဲတွင် ခပ်ဖန့်ဖန့်ဖြစ်သည်ထိ လှမ်းထားပါ။

ငရုတ်သီးခြောက်အတောင့်ရှည် ၅တောင့်ခန့် စိမ်းစားငပိစားပွဲတင်ဇွန်း ၁ဇွန်းခန့် ကြက်သွန်ဖြူ ၃ဥခန့် မီးကင်ပြီး ထောင်းပါ။ ယိုးဒယားငပိအချိုကိုသုံးထားတာမို့ ပုဇွန်ခြောက်မထည့်ထားပါဘူး။ ငရုတ်သီး ငပိ ကြက်သွန်ဖြူများ နှံ့စပ်သွားပြီဆို မန်ကျည်းရွက်များထည့်ညက်အောင်ထောင်းပါ။ ညက်သွားပြီဆို ပန်းကန်ထဲထည့် ဆီစိမ်းလေးအနည်းငယ်ဆမ်းပါ။ အရသာတမျိုးထူးခြားတဲ့ မန်ကျည်းရွက်ငပိထောင်းလေး ရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု

ပြည် ပလာတာ

$
0
0
မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ မိုးရာသီရောက်နေပေမဲ့ ရာသီဥတုကပူလွန်းပြီး သမီးကဖျား လူပင်ပန်း စိတ်ပင်ပန်းနဲ့ ထမင်းစားချင်စိတ်မရှိတာနဲ့ ပြည်ပလာတာလေး ချက်စားဖြစ်ပါတယ်။ မဆလာနံ့မွှေးမွှေးလေးနဲ့မို့ အားလုံးပဲနှစ်သက်ကြမယ်ထင်ပါတယ်နော်။

ကုလားပဲ ၁၀သားကို နူးနေအောင်ပြုတ်ထားပြီး ဇကာတိုက်ထားပါ။

ကြက်သွန်နီ ၃ဥ အာလူး  ၅လုံးခန့် အခွံနွှာကာ အတုံးလေးများတုံးပါ။

ဗမာကြက် အကောင်သေး ၁ကောင်ကို အနေတော်အတုံးများတုံး ရေစင်စင်ဆေးပြီး ဆားစားပွဲတင်ဇွန်းတ၀က် ငံပြာရည်စားပွဲတင်ဇွန်း ၂ဇွန်း ဟင်းခတ်မှုန့်အနည်းငယ်ထည့် နယ်ပါ။ ကြက်သွန်နီ ၁ဥ ဂျင်းလက်တစ်ဆစ်ညက်အောင်ထောင်းပြီး ဆီဟင်းခတ်ဇွန်း ၁ဇွန်းတွင် မွှေးပြီးရဲလာအောင်ကြော်ပါ။ သစ်ဂျပိုးခေါက် ၁ခု သစ်ဂျပိုးရွက် ၅ရွက်ခန့်ထည့်ကာ မွှေးနေအောင်ဆီသတ်ပါ။ အရောင်တင်မှုန့် စားပွဲတင်ဇွန်းတ၀က် မဆလာစားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ငရုတ်သီးအစိမ်းနံ့ပျောက်လျှင် နယ်ထားသောကြက်သားများထည့်လုံးပါ။ ကြက်သားအရောင်ပြောင်းလာလျှင် တုံးထားသော ကြက်သွန် အာလူးများထည့်ပါ။

ကြက်သားအရောကို ကုလားပဲပြုတ်ချေထားသောအိုးထဲထည့်ရောပါ။ ရေမြုပ်အောင်ထည့် ပွက်ပွက်ဆူအောင်တည်ပါ။ အချိုလေးစေရန် သကြားစားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ဆားထည့်ပြီး အပေါ့အငန်မြည်းပါ။

အရသာအနေတော်ဖြစ်ပြီး ကြက်သားအာလူးများအိပြီဆိုလျှင် မီးဖိုပေါ်မှချပါ။ ပလာတာ ၁ချပ်ညှပ်ထည့် ဟင်းရည်ဆမ်း ကြက်သွန်နီပါးပါးလှီး ငရုတ်သီးစိမ်းထည့် သံပုရာရည်လေးညှစ်ထည့်ပြီးလျှင် စားလို့ကောင်းတဲ့ ပြည် ပလာတာလေး ရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု


ကန်စွန်းရွက်တန်ပူရာ

$
0
0
ချစ်မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။ ဟင်းမတင်ဖြစ်တာလဲ တော်တော်ကိုကြာသွားတယ်။ ဟင်းတွေချက်ဖြစ်ပေမဲ့ connectionမကောင်းတဲ့အချိန်ကများနေတော့ စိတ်ရှုပ်တာနဲ့ ဘာမှမရေးဖြစ်ပဲ ကြာတော့လဲ ပျင်းသွားတယ်။ လာလည်ကြတဲ့မိတ်ဆွေများရော ချစ်စရာcomment လေးများရေးပေးထားတဲ့ မိတ်ဆွေများကိုရော အားလုံးအားလုံးကိုကျေးဇူးတင်ပါတယ်နော်။ လိုင်းတော်တော်စုတ်နေတာနဲ့ တကယ်ကို ဘာမှလုပ်ချင်စိတ်မရှိလောက်အောင် စိတ်ညစ်သွားလို့ပါ။ ဒီနေ့တော့ ၀ါတွင်းကာလ သားသတ်လွတ်စားကြတဲ့ မိတ်ဆွေများအတွက် ကန်စွန်းရွက်တန်ပူရာလေးကြော်ထားပါတယ်။ မထူးဆန်းပေမဲ့ အပြောင်းအလဲလေးမို့ စားရတာအီမသွားပဲ နှစ်သက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။

ကန်စွန်းရွက် ၂စည်းကို ရေစင်စင်ဆေး အရွက်များသင်ပြီး ရေစစ်ထားပါ။ အရွက်များကို ဓားဖြင့် ခပ်နုတ်နုတ်စင်းထားပါ။

ဆားလက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းခတ်မှုန့်အနည်းငယ်
tempura flour(ရွှေလိပ်ပြာအကြော်မှုန့်) စားပွဲတင်ဇွန်း ၃ဇွန်း
ရေဟင်းခတ်ဇွန်း၁ဇွန်း ထည့်နယ်ပါ။

အရွက်များကို အနေတော်ယူ အနည်းငယ်လုံးကာ ဆီများများဆီပူပူထဲတွင် မီးအသင့်အတင့်နှင့် ၁မိနစ်ခန့် နှစ်ကြော်ပါ။ စားနေကျ ကန်စွန်းရွက်ကြော်များကနေ တမျိုးလေးဆန်းတဲ့ ကန်စွန်းရွက်တန်ပူရာလေး ရပါပြီနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု







ဂဏန်းငရုတ်ကောင်းကြော်

$
0
0
ဒီတပတ်အတွက် Sunday Special ဂဏန်းငရုတ်ကောင်းကြော်လေး ကြော်ထားပါတယ်။ သမီးလေးနဲ့ သူငယ်ချင်းတွေ အရမ်းကြိုက်တဲ့အပြင်အချိန်တိုအတွင်း ပြင်ဆင်ချက်ပြုတ်နိုင်လို့ စိတ်စေရာရဲ့ အနှစ်သက်ဆုံးဟင်းတမျိုးဖြစ်ပါတယ်ရှင်။ ချစ်မိတ်ဆွေများအားလုံးလဲ နှစ်သက်နိုင်ကြပါစေနော်။

လိုအပ်သောပစ္စည်းများ
  • ဂဏန်းအရွယ်လတ် ၅ကောင်
  • ခရုဆီ စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား စားပွဲတင်ဇွန်း ၄ပုံ၁ပုံ
  • သကြား စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ဇွန်း
  • လှော်ပြီးသား ငရုတ်ကောင်း အစေ့ ၃၀စေ့ခန့်
  • ဆီ ဟင်းခတ်ဇွန်း ၁ဇွန်း
  • ရေ လက်ဖက်ရည်ပန်းကန်လုံး ၁လုံး
  • ကြက်သွန်ဖြူဥတလုံး ၁၀မွှာ
  • ဂျင်း လက်ဆစ်ဆစ်ခန့်
ပထမဆုံး ဂဏန်းများကို အခွံခွာ ရေစင်စင်ဆေးပြီး ထက်ခြမ်းခြမ်းထားပါ။ လက်မများကို အနည်းငယ်ထုပေးထားပါ။ ခရုဆီ ဆား သကြား ပဲငံပြာရည်များထည့် စိမ့်ဝင်အောင်နယ်ပြီး နာရီဝက်ခန့်ထားပါ။ ကြက်သွန်ဖြူ ဂျင်းညက်အောင်ထောင်းထားပါ။ ငရုတ်ကောင်းစေ့များ မညက်တညက် ထောင်းထားပါ။

ဆီအိုးထဲထည့်ပြီး ပူလာလျှင် ထောင်းထားသောကြက်သွန်ဖြူ ဂျင်းများထည့် အနံ့မွှေးလာအောင်ကြော်ပါ။ နယ်ထားသောဂဏန်းများထည့်ပါ။ ဂဏန်းများနီရဲလာလျှင် ရေထည့်ပြီး အဖုံးအုပ်ပေးပါ။ ရေစပ်စပ်ကျန်လျှင် မညက်တညက်ထောင်းထားသော ငရုတ်ကောင်းများထည့်ပြီး ၁မိနစ်ခန့်ကြော်ပေးပါ။ ငရုတ်ကောင်းနံ့မွှေးမွှေးလေးနဲ့ ချိုပူရှိန်းဂဏန်းငရုတ်ကောင်းကြော်လေး ရပါပြီရှင်။ ပျော်ရွှင်ဖွယ်ရာ တနင်္ဂနွေနေ့လေး ဖြစ်ကြပါစေနော်။

ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။
စု
Viewing all 42 articles
Browse latest View live