ဒီတခါတော့ ပုဇွန်ကိုအပြောင်းအလဲလေးအနေနဲ့ မန်ကျည်းသီးစိမ်းထောင်းလေးအုပ် ချက်ထားပါတယ်ရှင်။ အအီပြေ ချဉ်ချဉ်လေးမို့ နှစ်သက်ကြမှာပါနော်။
ပုဇွန် ၅၀ သားကို အခွံခွာ ကျောနက်နက်ခွဲ အမဲကြောင်းဖယ် ရေဆေးပါ။ ဆားစားပွဲတင်ဇွန်းတ၀က် ငံပြာရည်စားပွဲတင်ဇွန်း ၁ဇွန်း ဟင်းခတ်မှုန့်အနည်းငယ် ဆနွင်းမှုန့် လက်ဖက်ဇွန်း ၄ပုံ၁ပုံခန့်ထည့် နယ်ပြီး မိနစ် ၂၀ခန့်ထားပါ။
မန်ကျည်းသီးစိမ်းလေးများကို ရေစင်စင်ဆေး အရောင်မမဲစေရန် ဆားလေးအနည်းငယ်ထည့် ထောင်းထားပါ။
ထုံးစံအတိုင်း ပုဇွန်ချက်သလိုပါပဲ ဆီပူလာလျှင် ကြက်သွန်နီရဲနေအောင်ကြော်ပါ။ အရောင်တင်မှုန့်ထည့် ငရုတ်သီးနံ့ပျောက်အောင်ထိကြော်ပါ။ နယ်ထားသောပုဇွန်များထည့် ကွေးသွားအောင်လှန်ပေးပါ။ ကွေးသွားလျှင် ကြက်သွန်ဖြူမညက်တညက်ထောင်းထည့် ၃ မိနစ်ခန့်ချက်ပါ။ ထောင်းထားသောမန်ကျည်းသီးစိမ်းများထည့်မွှေပါ။ ရေကို ဟင်းခတ်ဇွန်း ၂ဇွန်းခန့်ထည့်မွှေပြီး ဆီပြန်အောင်ချက်ပါ။ အရသာအပေါ့အငန်မြည်း အနေတော်ဆို မီးဖိုပေါ်မှချပါ။
ပန်းကန်ထဲထည့် နံနံပင်လေးအနည်းငယ်အုပ်ပါ။ အအီပြေ ချဉ်ဖြုန်းဖြုန်းအရသာလေးနဲ့ အပြောင်းအလဲပုဇွန်ဟင်းလေးရပါပြီနော်။
ချစ်မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေရှင်။

- ကြက်သွန်နီ ၂လုံး
- ကြက်သွန်ဖြူ ဥတလုံး ၅မွှာ
- အရောင်တင်မှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
- ဆီဟင်းခတ်ဇွန်း ၂ဇွန်း
- နံနံပင် အနည်းငယ်